Showing posts with label ၀ထ္ထုများ. Show all posts
Showing posts with label ၀ထ္ထုများ. Show all posts

Sunday, 15 January 2012

နင်.အတွက် ဂုဏ်ယူမိပါတယ် သူငယ်ချင်း



ဒီနေ့ ၈တန်း ကလေးတွေကို မြန်စာစာသင်ဖို့ဖြစ်လာပါတယ်။ မြန်မာစာထဲမှာသူတို့လေးတွေ အခက်တွေ့တာကတော့ မြန်မာသဒ္ဒါနဲ့ မြန်မာကဗျာပါပဲ။ ကဗျာဆိုတာကလဲသင်ပေးသူကစိတ်ရှည်လက်ရှည် ရှင်းပြပေးမှ စကားပြေပြန်ဖို့ရောမေးခွန်းတိုဖြေဖို့အတွက်ပါ အဆင်ပြေနိင်တာပ။ါ ဒီ ဇန်န၀ါရီလအတွက် ကျောင်းသင်ရိုးညွှန်းတမ်းကပေးထားတဲ့ ကဗျာလေးကတော့ “ချီတက်အမိန့်”ကဗျာလေးပါ။ 

“ချီတက်အမိန့်”
 
အများနှစ်ခြိုက် ၊ အိပ်စဉ်ခိုက်ဝယ်
မျဉ်းငိုက်ရန်ပင် ၊ စိတ်မထင်ပဲ
တောဝင်တောင်သက် ၊ ငါချီတက်ဧ။် ။
မတောက်တတောက်
ကြယ်ပြောက်ပြောက်လည်း
ကွေ့ကောက်လိမ်ဖည်
လမ်းသွယ်သွယ်ကို
မြင်ဖွယ်အတွက် ၊ ရောင်ခြည်တက်ဧ။် ။
ဖြိုးဖြိုးဖြောက်ဖြောက် ၊ ဆီးနှင်းပေါက်ကား
မိုးလောက်ပြင်းထန် ၊ အာကာယံမှ
ခုန်ပျံ့ဆင်းလျက် ၊ မြေသို့သက်ဧ။် ။
ငါတို့ချီရာ ၊ ဤဒေသာကား
ညီညာမရှိ ၊ ချောက်အပြည့်နှင့်
အတိမှောင်မိုက် ၊ ခလုတ်တိုက်၍
မောဟိုင်ပင့်သက် ၊ ခရီးခက်ဧ။် ။
သေနတ်ကိုဆွဲ ၊ လှံစွပ်စွဲ၍
နှင်းတောသို့တိုး ၊ ခလုတ်ဆိုးနှင့်
ထုပ်ပိုးအပြည့် ၊ တအိအိကြောင့်
မချိငါ့မှာ ၊ မောလေပါလည်း
“ဗမာ့အကျိုး ၊ ပြည့်အကျိုး”ဟု
မညှိုးစေရ ၊ စိတ်ကိုဆွဧ။် ။
“ရှေ့ကချီတက်” ၊ မိန့်မှာမြွတ်သည့်
ချီတက်အမိန့် ၊ နားတွင်ငြိမ့်၍
နှစ်သက်ကြည်စွာ ၊ ရှေ့သို့သာလျှင်
ခိုင်မာစိတ်သွင်း ၊ ဇွဲနှင့်ရင်းသည်
အားတင်းကာပင် တက်တော့ဧ။် ။
ခေတ်စမ်းလင်္ကာ ငွေတာရီ
ဒီကဗျာလေးကိုဟိုအရင် သင်ပေးရတုန်းကတော့ မြန်မာကဗျာလေးကိုသင်ပေးရတယ်လို့ပဲသဘောထားမိတာပါ။ ဒီတစ်ခေါက်သင်ရတော့ ထူးထူးခြားခြားစိတ်ထဲမှာ ၀မ်းနည်းနေမိတာပါပဲ။ ဒီနေ့ ဒီအချိန်မှာတိုင်းပြည်မှာလဲတိုက်ပွဲတွေ ဖြစ်နေ၊ ကိုယ်တိုင်လဲအဲဒီတိုက်ပွဲတွေရဲ့ အကျိုးဆက်တွေကို မြင်နေရတော့ ဒီကဗျာလေးသင်ပေးရင်းနဲ့ပဲရည်မွန် သူငယ်ချင်းလေးတစ်ယောက်ကိုသတိလဲရ ၊ စိတ်မကောင်း ဖြစ်ရပါတယ်။ ရည်မွန်သူငယ်ချင်းနဲ့ ရည်မွန်တို့ကကျောင်းနေဖက် ငယ်သူငယ်ချင်းတွေပါ။ ဆယ်တန်းပြီးတော့ သူကစစ်တက္ကသိုလ်တက်တယ်။ ရည်မွန်တို့ကတော့ ရိုးရိုးမေဂျာတစ်ခုယူပါတယ်။ သူငယ်ချင်းတွေ မတွေ့ဖြစ်ကြတော့ပေမဲ့လဲသူ့သတင်းတွေကတာ့ အမြဲပဲကြားနေရပါတယ်။ သူကျောင်းပြီးလို့ တာဝန်ကျရာ တပ်ကိုမသွားရခင်တုန်းကလဲရည်မွန်တို့ သူငယ်ချင်းတတွေ စုပြီးဂုဏ်ပြုပွဲလေးလုပ်ပေးပါသေးတယ်။ သူ့အမေကဆိုအရာရှိကြီး ဖြစ်သွားတဲ့ သူ့သားအတွက် တအားပျော် ပြီးဂုဏ်ယူလို့ မဆုံးနိုင် ဖြစ်နေတယ်လေ။ အမှန်တကယ် ၀န်ခံရမယ်ဆိုရင် အဲဒီတုန်းကအဲလောက်တောင်အဖြစ်သည်းနေတဲ့ သူ့အမေကိုရည်မွန် အမြင်တော့ကပ်မိပါတယ်။ အဲဒီနောက်ပိုင်းကစပြီးရည်မွန်တို့တွေလဲကို့အလုပ်နဲံကိုဆိုတော့ မတွေ့ဖြစ်တော့ပါဘူး။ သူ့အမေတခါတရံအိမ်လာမှပဲသူ့သတင်းကို ကြားရတော့ပါတယ်။ အဲ ……အဲဒီသတင်းထဲမှာတော့ သူချစ်သူတွေ့နေပြီဆိုတဲ့သတင်းလဲ အပါအ၀င်ကြားရတာပါပဲ။ ရည်မွန်လဲမိန်းကလေးပီပီသူငယ်ချင်းတွေကို ပြန်ပြောပြ၊အတင်းတုပ်မိပါတယ်။ သူငယ်ချင်းတတွေ သူမင်္ဂလာဆောင်ရင် ပန်းကျဲပေးဖို့ မင်္ဂလာပန်းကိုင်ပေးဖို့ အပြိုင်အဆိုင် ငြင်းခုံနေကြတာကိုလဲအခုထိမှတ်မိပါသေးတယ်။ အဲလိုနဲ့ သိပ်မကြာခင်မှာသူရှေ့တန်းကိုသွားရမယ်ဆိုတဲ့ သတင်းလဲ ကြားရပါတယ်။ ရည်မွန်တို့အနေနဲ့ကတော့ ရှေ့တန်းဆိုတာ ၃/၄ လလောက် ခရီးတခုထွက်ရတယ်လို့ပဲယူဆထားတယ်လေ။ တခါမစစ်တိုက်တယ်ဆိုတာကို (ဇာတ်လမ်းကလွဲပြီး) မမြင်ဘူးသေးပါဘူး။ ငြိမ်းချမ်းနေတာလေ။
ဒီလိုနဲ့ ၃ လလောက်ကြာတော့သတင်းတခုကြားရတော့တာပါပဲ။ သူရှေ့တန်းမှာကျတယ် ဆိုပြီးတော့။ ကြားရတုန်းတော့ လုံးဝကို မယုံပါဘူး။ အဲလိုအဖြစ်မျိုးတကယ်ပဲရှိသလားလို့ပေါ့။ အသက် ၂၀ ဆိုတဲ့ အတိုင်းအတာဟာရည်မွန်တို့ အတွက်တော့ သေဖို့ မပြောနဲ့ ဖျားနာဖို့တောင် စိတ်မကူးမိတဲ့ အရွယ်ပါ။ ဘ၀မှာ မျှော်လင့်ချက်ရောင်ခြည်တွေ ဖြာဖြာတောက်နေတဲ့ အချိန်လေးပေါ့။ အဲဒီလိုအချိန်မှာသူမရှိတော့ဘူးဆိုတော့ …………… သူ့အမေဆိုရင် ငိုလိုက်တာတက်တောင်သွားပါတယ်။ မိသားစုထဲမှာသူကတစ်ဦးတည်းသောသားဆိုတော့ ပိုဆိုးတာပေါ့။ ဆွေမျိုးသားချင်းတွေလဲဘယ်သူမကိုဖြေမဆည်နိုင်ပါဘူး။ ရည်မွန်တို့ သူငယ်ချင်းတစုနာရေးသွားမေးတော့ ပိုဆိုးတာပေါ့လေ။ ရည်မွန် အနေနဲ့ကတော့ သူ့အမေကိုသနားမိပါတယ် ဒါထက်ပိုပြောရရင် ရည်မွန် သူ့ကောင်မလေးကိုပိုလို့ကိုသနားမိပါတယ။် ရည်မွန်လဲမိန်းမချင်းကိုယ်ချင်းစာမိပါတယ်။ တကယ်ချစ်ခဲ့တဲ့ သူမလေးအတွက်ကတော့ ဒီအချိန်ကကမ္ဘာပျက် သလိုဖြစ်နေမယိဆိုတာကျိန်းသေပါတယ်။ ဒီစာလေးကိုရေးနေရင်းနဲ့လဲမျက်ရည်လည်ရွဲ ဖြစ်နေတဲ့ သူမလေးကိုပြေးမြင်မိပါတယ်။ သူ့အမေရဲ့ ညှိုးရော်ရော်နဲ့ ချောင်ကျသွားတဲ့ မျက်နှာကိုအခုတိုင်မြင်နေဆဲပါ။ ရည်မွန်တို့်ဆိုစိတ်မကောင်းလွန်းလို့ သူတို့ မိသားစုတွေ မမြင်အောင် ၊မတွေ့အောင် ရှောင်နေပါတတ်ကြပါတယ်။ ရည်မွန်တို့ကို မြင်ရင် တခါအသစ်ဖြစ်ပြီးငိုနေမှာစိုးလို့ပါ။
ဒီနေ့တော့ ဒီကဗျာလေးကိုသင်ပေးရင်းနဲ့ပဲဘယ်လိုမကိုစိတ်မကောင်းနိုင်လွန်းလို့ ရင်ထဲမှာခံစားရလွန်းလို့ ချရေးမိသွားတော့တာပါပဲ။ သူ့ရဲ့ အစ၊အနောက်သန်တဲ့ပုံစံတွေ၊ စိတ်မဆိုးတတ်တာတွေ၊ သူငယ်ချင်းချင်းအနစ်နာခံတတ်တာတွေကိုလဲ ပြန်ပြောင်းအောက်မေ့မိပါတယ်။
သူငယ်ချင်းရေ……ဒီကဗျာလေးနဲ့ပဲနင်ကောင်းရာသုဂတိလားစေဖို့ ငါတို့တွေ ဆုတောင်းပေးနေပါတယ်။ နင် သေရတာမြတ်သောသေချင်းမျိုးပါ သူငယ်ချင်းရယ်။ ငါတို့တွေ နင့်သူငယ်ချင်း ဖြစ်ရတာကိုလဲဂုဏ်ယူမိပါတယ်။ ငါတို့တွေ ရင်ထဲကစကားသံကိုနင်ကြားနိုင်ပါစေ…….သူငယ်ချင်းရယ်။
ရည်မွန်

Wednesday, 24 August 2011

နှစ်ဆယ်တန် ( မင်းလူ)





ဘတ်စကား စပယ်ယာက လက်ကြားထဲတွင် အလျားလိုက်ခေါက်ပြီး ညှပ်ထားသော ငွေစက္ကူများထဲမှ နှစ်ဆယ်တန် လေးရွက်ကို ဆွဲထုတ်ပြီး
"တစ်ရာတန် ပေးတာ ဘယ်သူလဲ " ဟုမေးသည်။
"ဒီမှာ...ဒီမှာ"
လူကြားထဲက လက်တစ်ဖက် လျှို ထွက် လာသည်။ စပယ်ယာက ဖြန့်ထားသော လက်ထဲသို့ နှစ်ဆယ်တန် တွေထည့်ပေးသည်။လက်ကို ဆုပ်ပြီး ပြန်ရုပ်သွားသည်။ဘတ်စကားသည် တာမွေ ၊ ကျောက်မြောင်း ၊ မအူကုန်း ၊ သိမ်ဖြူ စသည်ဖြင့် ကျော်ဖြတ် မောင်းနှင်လာသည် ။ လမ်းသုံးဆယ် မှတ်တိုင်မှာ ရပ်သောအခါ လူတော်တော်များများဆင်းသည်။စာရေးမလေး သည် ဘတ်စကားပေါ်မှ ဆင်းပြီးနောက် ခါးအပေါ်ကို တွန့်လိမ် တက်နေသော အင်္ကျီအောက်နားစကို ဆွဲဆန့်လိုက်သည်။ထို့နောက် လမ်းကိုဖြတ်ကူးသည်။ ကန်းနားလမ်းဘက်မှ လှည့်ပြီး ရုံးအပေါ်ထပ်သို့ တက်လာသည်။အခန်းထဲဝင်သည်။ စားပွဲပေါ် ခြင်းတောင်းချ ကုလားထိုင် ဆွဲပြီး ထိုင်သည်။ထို့နောက် ခြင်းတောင်းကို ပေါင်ပေါ် တင်လိုက်ပြန်သည်။ အလျားလိုက်ခေါက်ပြီး ထပ်ထားသော နှစ်ဆယ်တန်လေးရွက်ကို နှိုက်ယူလိုက်သည်။ တစ်ရွက်စီဖြန့်ပြီး ထပ်သည်။ တတိယမြောက် နှစ်ဆယ်တန်လေး အလှည့်တွင်လက်က တုံ့ခနဲ ဖြစ်သွားသည်။ နှစ်ဆယ်တန် အလည်တည့်တည့်က ထက်ပိုင်းစုတ်ပြဲနေ သည်ကို စက္ကူဖြင့် ပြန်ကပ်ထား ခြင်းဖြစ်သည်။ သူ့မျက်နှာက နည်းနည်းအိုသွားသည်။ ပြီးမှ နုတ်ခမ်း ထောင့်စွန်းကလေး တွန့်ရုံ ပြုံးလိုက်၏။ပိုက်ဆံအိတ်ဖွင်၍ နှစ်ဆယ်တန် အကောင်းဆုံး သုံးရွက်ကို ထည့်သည်။ တစ်ရာတန်တစ်ရွက်ပြန်ထုတ်သည် ။ စောစောက နှစ်ဆယ်တန် အစုတ်ကိုပါယူပြီး ခပ်လှမ်းလှမ်းက စာရေးကြီး စားပွဲကိုသွားသည်။ “ဆပ်ပြာဖိုး ငွေသွင်းလို့ရပြီလား” စာရေးကြီးက ဖိုင်တွဲလေး လှန်လှောနေရာမှ မော့ကြည့်ပြီး “ရပြီလေ သုံးပိုင်းအတွက် တစ်ရာ့နှစ်ဆယ် သွင်းရမယ်” စာရေးမလေးက ငွေတစ်ရာ့နှစ်ဆယ် လှမ်းပေးသည်။ စာရေးကြီးက နှစ်ဆယ်တန်အစုတ်ကိုမြင်သွားသည် ။ “ဟာဗျာ ခင်ဗျားတို့ကလဲ အစုတ်အပြဲ မှန်သမျှ ဒီမှာချည်း လာပေးနေတာပဲ ၊ ဟိုကျလို့ ငွေသွင်းတဲ့အခါ ခဏခဏစကားများရတယ်” “ရပါတယ် ဟိုကလည်း ဘဏ်သွင်းရမှာပဲဟာ” စာရေးမလေးက ပြောပြောဆိုဆိုနှင့် လှည့်ထွက်သွားသည်။ ထိုအချိန်မှာပင် သက်သာ လက်ဖက်ရည်ဆိုင် မှ စားပွဲထိုးကလေး ရောက်လာပြီး “အကိုရေ ငါးရာဖိုးလောက် လဲပေးပါဦး ၊ အကြွေချည်းပဲရရင် ပိုကောင်းတာပေါ့” “သိပ်ရတာပေါ့ကွာ” စာရေးကြီးက အကြွေ ငါးရာဖိုး ရေတွက်ပြီး ပေးလိုက်သည်။
ရုံးအုပ်ကြီးက ကောင်တာပေါ်သို့ နှစ်ရာတန်တစ်ရွက် တင်လိုက်ပြီး “လက်ဖက်ရည် တစ်ခွက်ဟေ့” ဟုပြောလိုက်သည်။ ကောင်တာထိုင်သူက တိုကင်ပြား တစ်ပြား အရင်ပေးလိုက်သည်။ ထို့နောက် တစ်ရာတန်တစ်ရွက်နှင့် နှစ်ဆယ်တန် နှစ်ရွက် ပြန်အမ်းသည်။ ရုံးအုပ်ကြီးက ပြန်အမ်းငွေကို ယူ၍ လက်ဖက်ရည်ဖျော်သည့်နေရာ သို့ ထွက်လာပြီးမှ ပြန်လှည့်လာပြီး “ဟေ့ကောင် နှစ်ဆယ်တန်တစ်ရွက် ပြန်လဲပေးကွာ အစုတ်ကြီး” “နှစ်ဆယ်တန် ဒါပဲရှိလို့ပါ ခုဏကရုံးပေါ်ကိုသွားလဲလာတာ ငါးရာဖိုးက ဒါနောက်ဆုံးကျန်တာပဲ ၊ သုံးလို့ရပါတယ် ဆရာရဲ့ ” “ဟာ … ရမယ်မထင်ဘူးကွ ၊ စုတ်တဲ့ အပြင် နွမ်းလဲနွမ်းနေသေးတယ် ” “ရပါတယ် ဆရာရယ် အဲဒါဆိုလဲ နောက်နေ့ လက်ဖက်ရည် သောက်ဦးမှာပဲကို ဒီမှာပဲ ပြန်လာပေးပေါ့”
ရသာမုန့်ဆိုင်ရှေ့ လေးဘီးဂိတ်တွင် လူတွေ ပုံနေသည်။ မှောင်စပြုလာသော အချိန်တွင် လူကပိုကျလာ ပြီး ကားက အဝင်နည်းနေသည်။ ဘတ်စကားတစ်စီးဝင်လာသည်။ နောက်ဘက်မှ စပယ်ယာလေးက “တာမွေ …. တာမွေ” ဟုအော်သည်။ လူတစ်စု ပြုံ ပြီး တိုးတက်သည်။ ရုံးအုပ်ကြီးသည် အစွန်ဆုံး တစ်နေရာကို ရလိုက်သည်။ကျောက်မြောင်း သီတာလမ်းထိပ်တွင် သူဆင်းသည်။ ကားမောင်းသမားကို နှစ်ဆယ်တန် တစ်ရွက် ပေးပြီး ချာခနဲ လှည့်ထွက်လိုက်သည်။ ခပ်သုတ်သုတ် လျှောက်သွားသည်။
မိန်းကလေးက ဘတ်စကားကို လှမ်းတားသည် ။
“စိန်ဂျွန် ဈေးသွားချင်လို့”
“ရပါတယ် … တစ်ရာတော့ပေးပါ”
“ဟင် …… များတာပေါ့ ၊ သိပ်မှ မဝေးတာ ၊ ခုနှစ်ဆယ်ပဲထား”
ကားဆရာက ခေါင်းခါပြီး …. “ခုနှစ်ဆယ်တာ့မရဘူး ပိုပြောတာမဟုတ်ဘူး ၊ တစ်မနက်လုံး ကားပြင်နေရလို့ အုံနာခတောင် မရသေးပါဘူးဗျာ”
နောက်ဆုံး ရှစ်ဆယ်နှင့် ဈေးတည့်သွားသည်။ စိန်ဂျွန်ဈေးသို့ ရောက်အောင် ဆယ်မိနစ်တောင် မမောင်းရ။ ဈေးရှေ့တွင် ကားရပ်သည်။ မိန်းကလေးက တစ်ရာတန် တစ်ရွက်ပေးသည် ။ ကားဆရာက
“အကြွေမပါဘူးလား”
မိန်းကလေးက ခေါင်းခါပြသည် ။ ကားဆရာသည် တစ်ရာတန်ယူပြီး နှစ်ဆယ်တန် တစ်ရွက်ပြန်အမ်းသည်။
မိန်းကလေးက နှစ်ဆယ်တန်လေးကိုကြည့်ပြီး “ဟင်” အာမေဋိတ်သံပြုလိုက်ပြီး…
“ဒီမှာ…..ဒီမှာ ဟိုး ….ဟိုး ”
ဘတ်စကားမောင်းထွက်သွားပြီ။
အလှကုန်ဆိုင် အမျိုးသမီးကြီးသည် ဆိုင်ရှေ့မှ လာရပ်သော မိန်းကလေးကို .. “ဘာရှာသလဲညီမ” ဟုဆီးကြိုလိုက်သည်။ မိန်းကလေးက …
“မဉ္ဖူခေါင်းလျှော်ရည် ရှိလား အစ်မ”
“ရှိတယ် ညီမ”
“ဘယ်လောက်လဲ”
“နှစ်ရာ ပါ”
“ဟင် …. ဈေးကလဲ များလိုက်တာ”
“မများပါဘူးကွယ် ၊ ပစ္စည်းမှန် ဈေးမှန်ပါပဲ”
“အရင်တစ်ခါဝယ်တုန်းက တစ်ရာရှစ်ဆယ်ပဲပေးရတယ်”
“အခုမရတော့လို့ပါ ညီမရယ် ၊ ကောက်တာတောင် တစ်ရာ့ခုနှစ်ဆယ်ပေးရတယ် ၊ အစ်မတို့က သုံးဆယ်ပဲ စားရတာပါ”
“တစ်ရာ ရှစ် ဆယ်ထားလိုက်ပေါ့”
“မရလို့ပါ ၊ တခြားဆိုင်တွေလဲမေးကြည့်ပါ”
“ထားလိုက်ပါ တစ်ရာရှစ်ဆယ်ပဲ”
“ကဲ ….. တစ်ရာကိုးဆယ်နဲ့ ယူသွား ဟုတ်ပြီလား၊ နောက်လည်း ဒီမှာဝယ်ဖြစ်အောင်လို့ အရင်းသာသာပဲပေးလိုက်မယ်”
ရှိုးကစ်ထဲမှ ခေါင်းလျှော်ရည် တစ်ပုလင်း ထုတ်ပေးသည်။ မိန်းကလေးက တစ်ရာတန် တစ်ရွက် ၊ ငါးဆယ်တန် တစ်ရွက်နှင့် နှစ်ဆယ်တန် နှစ်ရွက် ပေးလိုက်သည်။
မိန်းမကြီးတစ်ယောက် ထမင်းချိုင့် ထည့်ထားသော ပလတ်စတစ် လက်ဆွဲခြင်းကို ကိုင်လျက် ထော့နဲ့ ထော့နဲ့ နှင့် လျှောက်လာပြီး ဆိုင်ရှေ့မှာလာရပ်သည်။ ဆွဲခြင်းကို ခုံပေါ်တင်ပြီး နဖူးမှာသီးနေသော ချွေးသီးများကို လက်ဖြင့် သပ်ချလိုက်သည်။ ဆိုင်ရှင်အမျိုးသမီးက ….
“နောက်ကျလှချည်လား” ဟုပြောလိုက်သည်။ မိန်းမကြီးက
“ဟုတ်ကဲ့ …. ဟိုဒင်းဖြစ်နေလို့”
“ဘာလဲ ခြေထောက်နာနေလို့လား”
“ဟုတ်ကဲ့ … နည်းနည်းလဲ မောတာနဲ့”
“နောက်နေ့တော့ စောစောလာပို့နော်”
“ဟုတ်ကဲ့”
ဆိုင်ရှင်အမျိုးသမီးက ငွေစက္ကူများထဲမှ နှစ်ဆယ်တန် တစ်ရွက်ကိုယူလိုက်သည်။ လေးခေါက်ခေါက်ပြီး မိန်းမကြီးလက်ထဲကို ထိုးပေးလိုက်သည်။ မိန်းမကြီး နှစ်ဆယ်တန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ထော့နဲ့ ထော့နဲ့ ဖြင့် ပြန်ထွက်လာခဲ့သည်။
မိန်းမကြီးသည် လမ်းလျှောက်ပြန်လာပြီး လမ်းထိပ် ကွမ်းယာဆိုင်ကိုဝင်သည်။ စောင်းကောက် ဆေးပြင်းလိပ် တစ်လိပ် နှင့် မရမ်းပြားတစ်ထုပ်ယူသည်။ နှစ်ဆယ်တန်ကိုလှမ်းပေးလိုက်သည်။ ဆိုင်က ကောင်လေးက နှစ်ဆယ်တန်ကို ဖြန့်ကြည့်ပြီး “အဒေါ်ကြီး နှစ်ဆယ်တန်လဲပေးပါ”
“ဟဲ့ ….. ဘာဖြစ်လို့လဲ”
“ဒီမှာမတွေ့ဘူးလား ၊ထက်ပိုင်းပြဲနေလို့ စက္ကူနဲ့ပြန်ကပ်ထားတာ ”
“ဟေ… ဟုတ်လား ၊ အမေကြီးက လည်း မျက်စေ့က မွဲတော့ သေသေချာချာ မကြည့်မိဘူး ၊ နို့ … အဲဒါနဲ့ အဲဒီပိုက်ဆံက သုံးလို့ မရဘူးလား”
“ပြန်အမ်းတဲ့ အခါကျရင် ဘယ်သူမှ မလိုချင်ဘူးဗျ ၊ ပြီးတော့ အမေကလည်း ပြန်လာရင် ဆူနေမှာ”
“အေးအေး …. ဒါဆိုလဲ ပြန်ပေး”
မိန်းမကြီးက နှစ်ဆယ်တန်ကို ပြန်ယူလိုက်သည်။ပြီးတော့ ချွေးခံ အင်္ကျီ ထဲသို့ နှိုက်ပြီး ထုတ်လိုက်ရာ တစ်ဆယ်တန် တစ်ရွက်ပါလာသည်။ဆေးလိပ်မယူတော့ပဲ အချဉ်ထုပ်တစ်ထုပ်သာ ယူခဲ့သည်။
“အမေကြီးရေ မရမ်းပြား ပါလား” ဟုကလေးမလေးက မေးသည်။ မိန်းမကြီးက မရမ်းပြားထုပ်ကို လှမ်းပေးလိုက်ပြီးနောက် ကွပ်ပျစ်လေးဘေးတွင် ဟိုစမ်းဒီစမ်းလုပ်နေသည်။
“ဟဲ့ သမီး …. အမေကြီးဆေးလိပ်တိုလေး ထားခဲ့တာ မတွေ့မိဘူးလား”
“ဒီမှာလေ အမေကြီးရဲ့”
ကလေးမလေးက ကြွက်လျှောက်ပေးက ဆေးလိပ်တိုကို ယူပေးရင်း …
“အမေကြီးဆေးလိပ်ကဖြင့် တိုတိုလေးပဲကျန်တော့တာ အသစ်မဝယ်ခဲ့ဘူးလား”
“ဝယ်မလို့ပဲကွယ် … ပိုက်ဆံကစုတ်နေလို့တဲ့ ၊ သုံးလို့မရတာနဲ့ မဝယ်ခဲ့ရဘူး”
“ဈေးထဲက ပေးလိုက်တဲ့ ပိုက်ဆံလားဟင်”
“အေးပေါ့”
“ဒါဆို အကောင်းနဲ့ ပြန်လဲခိုင်းလိုက်ပေါ့”
“အမေကြီးက မျက်စေ့မွဲတော့ မမြင်မိဘူး ။ ပြန်လဲခိုင်းလို့လည်း မဖြစ်ပါဘူး ။ တော်ကြာစိတ်ဆိုးပြီး နောက်မခိုင်းပဲနေအုံးမယ်”
“အဲဒီပိုက်ဆံပြပါအုံး”
မိန်းမကြီးက ချွေးခံအကျီင်္အိတ်ထဲက နှစ်ဆယ်တန်ကို ထုတ်ပြသည်။ ကလေးမလေးကယူကြည့်ပြီး …
“ဟာ …. ဟုတ်ပြီ ၊ ဟိုဘက်လမ်းထဲက ဆိုင်မှာ ဆေးလိပ်သွားဝယ်ရမယ် ၊ အဲဒီဆိုင်က အဘွားကြီးက မျက်စေ့သိပ်မကောင်းဘူး”
“ဟဲ့ …. မလုပ်ကောင်းဘူး ၊ အမေကြီးတောင် ဒီပိုက်ဆံကိုရတာ တော်တော် စိတ်မချမ်းမသာ ဖြစ်သွားရသေးတာ၊ သူများတွေ လက်ထဲရောက်သွားရင်လဲ ဒီလိုပဲခံစားရမှာပေါ့”
“ဒါဆို ဒီလိုလုပ် အမေကြီး ၊ ရှင်စောပု ဘုရားက အလှူခံ ပုံးထဲ ထည့်လိုက်မယ် မကောင်းဘူးလား”
မိန်းမကြီးက ခေါင်းကိုတွင်တွင်ခါသည်။
“မလုပ်ပါနဲ့ကွယ် ၊ ဟိုဘဝက လှူဒါန်းတာ မစင်ကြယ်ခဲ့လို့ ဒီဘဝမှာ ဒုက္ခိတ တစ်ပိုင်းလာဖြစ်နေတာ ၊ နောက်ဘဝ ကိုဆက်နေပါအုံးမယ် ။လှူတယ်ဆိုတာ သန့်သန့်ရှင်းရှင်း စိတ်ထားမှကွယ့် ။ အင်း …. ဒီပိုက်ဆံကို မသုံးပဲ ထားလိုက်တာ အကောင်းဆုံးပါပဲလေ”
မိန်းမကြီးသည် နှစ်ဆယ်တန် အစုတ်လေး ကို ကွပ်ပျစ် ပေါ်မှာခင်းထားသော ဖျာအောက်သို့ အသာအယာ ထိုးထည့် လိုက်လေသည်။


မင်းလူ(လမ်းဖြတ်ကူးသော ဝတ္ထုတိုများ) မှ ပြန်လည်ပြုပြင်၍ ရေးသားပါသည်။