Sunday, 15 January 2012

နင်.အတွက် ဂုဏ်ယူမိပါတယ် သူငယ်ချင်း



ဒီနေ့ ၈တန်း ကလေးတွေကို မြန်စာစာသင်ဖို့ဖြစ်လာပါတယ်။ မြန်မာစာထဲမှာသူတို့လေးတွေ အခက်တွေ့တာကတော့ မြန်မာသဒ္ဒါနဲ့ မြန်မာကဗျာပါပဲ။ ကဗျာဆိုတာကလဲသင်ပေးသူကစိတ်ရှည်လက်ရှည် ရှင်းပြပေးမှ စကားပြေပြန်ဖို့ရောမေးခွန်းတိုဖြေဖို့အတွက်ပါ အဆင်ပြေနိင်တာပ။ါ ဒီ ဇန်န၀ါရီလအတွက် ကျောင်းသင်ရိုးညွှန်းတမ်းကပေးထားတဲ့ ကဗျာလေးကတော့ “ချီတက်အမိန့်”ကဗျာလေးပါ။ 

“ချီတက်အမိန့်”
 
အများနှစ်ခြိုက် ၊ အိပ်စဉ်ခိုက်ဝယ်
မျဉ်းငိုက်ရန်ပင် ၊ စိတ်မထင်ပဲ
တောဝင်တောင်သက် ၊ ငါချီတက်ဧ။် ။
မတောက်တတောက်
ကြယ်ပြောက်ပြောက်လည်း
ကွေ့ကောက်လိမ်ဖည်
လမ်းသွယ်သွယ်ကို
မြင်ဖွယ်အတွက် ၊ ရောင်ခြည်တက်ဧ။် ။
ဖြိုးဖြိုးဖြောက်ဖြောက် ၊ ဆီးနှင်းပေါက်ကား
မိုးလောက်ပြင်းထန် ၊ အာကာယံမှ
ခုန်ပျံ့ဆင်းလျက် ၊ မြေသို့သက်ဧ။် ။
ငါတို့ချီရာ ၊ ဤဒေသာကား
ညီညာမရှိ ၊ ချောက်အပြည့်နှင့်
အတိမှောင်မိုက် ၊ ခလုတ်တိုက်၍
မောဟိုင်ပင့်သက် ၊ ခရီးခက်ဧ။် ။
သေနတ်ကိုဆွဲ ၊ လှံစွပ်စွဲ၍
နှင်းတောသို့တိုး ၊ ခလုတ်ဆိုးနှင့်
ထုပ်ပိုးအပြည့် ၊ တအိအိကြောင့်
မချိငါ့မှာ ၊ မောလေပါလည်း
“ဗမာ့အကျိုး ၊ ပြည့်အကျိုး”ဟု
မညှိုးစေရ ၊ စိတ်ကိုဆွဧ။် ။
“ရှေ့ကချီတက်” ၊ မိန့်မှာမြွတ်သည့်
ချီတက်အမိန့် ၊ နားတွင်ငြိမ့်၍
နှစ်သက်ကြည်စွာ ၊ ရှေ့သို့သာလျှင်
ခိုင်မာစိတ်သွင်း ၊ ဇွဲနှင့်ရင်းသည်
အားတင်းကာပင် တက်တော့ဧ။် ။
ခေတ်စမ်းလင်္ကာ ငွေတာရီ
ဒီကဗျာလေးကိုဟိုအရင် သင်ပေးရတုန်းကတော့ မြန်မာကဗျာလေးကိုသင်ပေးရတယ်လို့ပဲသဘောထားမိတာပါ။ ဒီတစ်ခေါက်သင်ရတော့ ထူးထူးခြားခြားစိတ်ထဲမှာ ၀မ်းနည်းနေမိတာပါပဲ။ ဒီနေ့ ဒီအချိန်မှာတိုင်းပြည်မှာလဲတိုက်ပွဲတွေ ဖြစ်နေ၊ ကိုယ်တိုင်လဲအဲဒီတိုက်ပွဲတွေရဲ့ အကျိုးဆက်တွေကို မြင်နေရတော့ ဒီကဗျာလေးသင်ပေးရင်းနဲ့ပဲရည်မွန် သူငယ်ချင်းလေးတစ်ယောက်ကိုသတိလဲရ ၊ စိတ်မကောင်း ဖြစ်ရပါတယ်။ ရည်မွန်သူငယ်ချင်းနဲ့ ရည်မွန်တို့ကကျောင်းနေဖက် ငယ်သူငယ်ချင်းတွေပါ။ ဆယ်တန်းပြီးတော့ သူကစစ်တက္ကသိုလ်တက်တယ်။ ရည်မွန်တို့ကတော့ ရိုးရိုးမေဂျာတစ်ခုယူပါတယ်။ သူငယ်ချင်းတွေ မတွေ့ဖြစ်ကြတော့ပေမဲ့လဲသူ့သတင်းတွေကတာ့ အမြဲပဲကြားနေရပါတယ်။ သူကျောင်းပြီးလို့ တာဝန်ကျရာ တပ်ကိုမသွားရခင်တုန်းကလဲရည်မွန်တို့ သူငယ်ချင်းတတွေ စုပြီးဂုဏ်ပြုပွဲလေးလုပ်ပေးပါသေးတယ်။ သူ့အမေကဆိုအရာရှိကြီး ဖြစ်သွားတဲ့ သူ့သားအတွက် တအားပျော် ပြီးဂုဏ်ယူလို့ မဆုံးနိုင် ဖြစ်နေတယ်လေ။ အမှန်တကယ် ၀န်ခံရမယ်ဆိုရင် အဲဒီတုန်းကအဲလောက်တောင်အဖြစ်သည်းနေတဲ့ သူ့အမေကိုရည်မွန် အမြင်တော့ကပ်မိပါတယ်။ အဲဒီနောက်ပိုင်းကစပြီးရည်မွန်တို့တွေလဲကို့အလုပ်နဲံကိုဆိုတော့ မတွေ့ဖြစ်တော့ပါဘူး။ သူ့အမေတခါတရံအိမ်လာမှပဲသူ့သတင်းကို ကြားရတော့ပါတယ်။ အဲ ……အဲဒီသတင်းထဲမှာတော့ သူချစ်သူတွေ့နေပြီဆိုတဲ့သတင်းလဲ အပါအ၀င်ကြားရတာပါပဲ။ ရည်မွန်လဲမိန်းကလေးပီပီသူငယ်ချင်းတွေကို ပြန်ပြောပြ၊အတင်းတုပ်မိပါတယ်။ သူငယ်ချင်းတတွေ သူမင်္ဂလာဆောင်ရင် ပန်းကျဲပေးဖို့ မင်္ဂလာပန်းကိုင်ပေးဖို့ အပြိုင်အဆိုင် ငြင်းခုံနေကြတာကိုလဲအခုထိမှတ်မိပါသေးတယ်။ အဲလိုနဲ့ သိပ်မကြာခင်မှာသူရှေ့တန်းကိုသွားရမယ်ဆိုတဲ့ သတင်းလဲ ကြားရပါတယ်။ ရည်မွန်တို့အနေနဲ့ကတော့ ရှေ့တန်းဆိုတာ ၃/၄ လလောက် ခရီးတခုထွက်ရတယ်လို့ပဲယူဆထားတယ်လေ။ တခါမစစ်တိုက်တယ်ဆိုတာကို (ဇာတ်လမ်းကလွဲပြီး) မမြင်ဘူးသေးပါဘူး။ ငြိမ်းချမ်းနေတာလေ။
ဒီလိုနဲ့ ၃ လလောက်ကြာတော့သတင်းတခုကြားရတော့တာပါပဲ။ သူရှေ့တန်းမှာကျတယ် ဆိုပြီးတော့။ ကြားရတုန်းတော့ လုံးဝကို မယုံပါဘူး။ အဲလိုအဖြစ်မျိုးတကယ်ပဲရှိသလားလို့ပေါ့။ အသက် ၂၀ ဆိုတဲ့ အတိုင်းအတာဟာရည်မွန်တို့ အတွက်တော့ သေဖို့ မပြောနဲ့ ဖျားနာဖို့တောင် စိတ်မကူးမိတဲ့ အရွယ်ပါ။ ဘ၀မှာ မျှော်လင့်ချက်ရောင်ခြည်တွေ ဖြာဖြာတောက်နေတဲ့ အချိန်လေးပေါ့။ အဲဒီလိုအချိန်မှာသူမရှိတော့ဘူးဆိုတော့ …………… သူ့အမေဆိုရင် ငိုလိုက်တာတက်တောင်သွားပါတယ်။ မိသားစုထဲမှာသူကတစ်ဦးတည်းသောသားဆိုတော့ ပိုဆိုးတာပေါ့။ ဆွေမျိုးသားချင်းတွေလဲဘယ်သူမကိုဖြေမဆည်နိုင်ပါဘူး။ ရည်မွန်တို့ သူငယ်ချင်းတစုနာရေးသွားမေးတော့ ပိုဆိုးတာပေါ့လေ။ ရည်မွန် အနေနဲ့ကတော့ သူ့အမေကိုသနားမိပါတယ် ဒါထက်ပိုပြောရရင် ရည်မွန် သူ့ကောင်မလေးကိုပိုလို့ကိုသနားမိပါတယ။် ရည်မွန်လဲမိန်းမချင်းကိုယ်ချင်းစာမိပါတယ်။ တကယ်ချစ်ခဲ့တဲ့ သူမလေးအတွက်ကတော့ ဒီအချိန်ကကမ္ဘာပျက် သလိုဖြစ်နေမယိဆိုတာကျိန်းသေပါတယ်။ ဒီစာလေးကိုရေးနေရင်းနဲ့လဲမျက်ရည်လည်ရွဲ ဖြစ်နေတဲ့ သူမလေးကိုပြေးမြင်မိပါတယ်။ သူ့အမေရဲ့ ညှိုးရော်ရော်နဲ့ ချောင်ကျသွားတဲ့ မျက်နှာကိုအခုတိုင်မြင်နေဆဲပါ။ ရည်မွန်တို့်ဆိုစိတ်မကောင်းလွန်းလို့ သူတို့ မိသားစုတွေ မမြင်အောင် ၊မတွေ့အောင် ရှောင်နေပါတတ်ကြပါတယ်။ ရည်မွန်တို့ကို မြင်ရင် တခါအသစ်ဖြစ်ပြီးငိုနေမှာစိုးလို့ပါ။
ဒီနေ့တော့ ဒီကဗျာလေးကိုသင်ပေးရင်းနဲ့ပဲဘယ်လိုမကိုစိတ်မကောင်းနိုင်လွန်းလို့ ရင်ထဲမှာခံစားရလွန်းလို့ ချရေးမိသွားတော့တာပါပဲ။ သူ့ရဲ့ အစ၊အနောက်သန်တဲ့ပုံစံတွေ၊ စိတ်မဆိုးတတ်တာတွေ၊ သူငယ်ချင်းချင်းအနစ်နာခံတတ်တာတွေကိုလဲ ပြန်ပြောင်းအောက်မေ့မိပါတယ်။
သူငယ်ချင်းရေ……ဒီကဗျာလေးနဲ့ပဲနင်ကောင်းရာသုဂတိလားစေဖို့ ငါတို့တွေ ဆုတောင်းပေးနေပါတယ်။ နင် သေရတာမြတ်သောသေချင်းမျိုးပါ သူငယ်ချင်းရယ်။ ငါတို့တွေ နင့်သူငယ်ချင်း ဖြစ်ရတာကိုလဲဂုဏ်ယူမိပါတယ်။ ငါတို့တွေ ရင်ထဲကစကားသံကိုနင်ကြားနိုင်ပါစေ…….သူငယ်ချင်းရယ်။
ရည်မွန်

6 comments:

Anonymous said...

အသက် ၂၀ ဆိုတဲ့ အတိုင်းအတာဟာရည်မွန်တို့ အတွက်တော့ သေဖို့ မပြောနဲ့ ဖျားနာဖို့တောင် စိတ်မကူးမိတဲ့ အရွယ်ပါ။ ဘ၀မှာ မျှော်လင့်ချက်ရောင်ခြည်တွေ ဖြာဖြာတောက်နေတဲ့ အချိန်လေးပေါ့။

သမီးစံ said...

ရည်မွန်ဆိုလို့..လန့်သွားတာပဲမောင်နှလုံးရယ်း))
တိုင်းပြည်အတွက်.အသက်ပေးကာကွယ်နေတဲ့
စစ်သားအားလုံးကို..လေးစားပါတယ်။
“ရဲသော်သေ..သေသော်ငရဲမလား”တဲ့
(ဆောင်ပုဒ်လေး.မှန်ပါတယ်နော်း)
တရားသောစစ်မှာ.ကျဆုံးသွားတဲ့
ရည်မွန့်သူငယ်ချင်း..အမောင်စစ်သား
ကောင်းရာသုဂတိလားပါစေ။

ခင်မင်လျှက်

jasmine(တောင်ကြီး) said...

ကဗျာလေးက အရမ်းဖတ်ကောင်းတယ် မောင်မောင်ရေ

မောင်မောင် said...

ခုလို လာရောက် အားပေးတဲ.အတွက် စာရေးသူ မရည်မွန်အစား ကျွန်တော်မောင်မောင်မှ ကျေးဇူးအထူးတင်ပါတယ်။ အားလုံးဘဲ ကျန်းမာပျှော်ရွှင်ကြပါစေ။

မဒမ်ကိုး said...

အဲဒီလိုတိတ်တိတ်ကလေးအသက်ပေးသွားကြတဲ့ငွေကြယ်ပွင့်တွေအများကြီးရှိခဲ့တယ်. ရှိနေတုန်းဘဲ ရှိနေဆဲပဲ ..
သူတို့တစ်တွေဟာ သူတို့ရဲ့သေဆုံးမှု့အတွက် ဘယ်သူကမှအော်ဟစ်ကြွေးကြော်မနေခဲ့ရဘူး.
တိတ်တိတ်ကလေးနဲ့စစ်မြေပြင်မှာ ရဲရဲဝံ့ဝံ့ အသက်စွန့်သွားသူတွေ .

ငွေကြယ်ပွင့်များသို့လေးစားဂုဏ်ယူလျှက်

မဒိုးကန်

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ချီတက်အမိန့် ဆိုတဲ့ ကဗျာလေးကို အရမ်းနှစ်သက်သူပါ။

တစ်ချိန်တုန်းက ပြည်သူချစ်တဲ့တပ်မတော်ဟာ အခုချိန်မှာ ဆွမ်းဆန်ထဲကြွက်ချေးရောသူတစ်ချို့ကြောင့် ပြည်သူမုန်းတဲ့တပ်မတော်ဖြစ်နေတယ်။ ဒါပေမယ့် ဝါးလုံးရှည်နဲ့သိမ်းမယမ်းကြဘဲ လူကောင်းနှင့်လူဆိုးကို ခွဲခြားသိနားလည်ပေးနိုင်ကြရင် သိပ်ကောင်းပါမယ်။

မရည်မွန် သူငယ်ချင်း ကောင်းရာသုဂတိ လားပါစေ။
ပြန်လည်ဝေမျှတဲ့ ကိုမောင်မောင်လည်း အဆင်ပြေ၊ပျော်ရွှင်ပါစေရှင်။

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။