Friday, 9 September 2011

ရင်ဆိုင်မလား? မျက်ကွယ်ပြုမလား? (သို.မဟုတ်)"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?"




"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" ဆိုတဲ့စာအုပ်ကို နာရီဝက်အတွင်းပြီးအောင် ကျွန်တော်တို့ဖတ်နိုင်ပေမယ့် စာအုပ်ထဲက အကြောင်းအရာကိုတော့ တစ်သက်တာအချိန်နဲ့ ကျွန်တော်တို့ခံစားရလိမ့်မယ်။

"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" ဒါဟာ လူတိုင်းကိုယ့်ကိုယ် နေ့စဉ်မေးတဲ့မေးခွန်းဖြစ်တယ်။ ဒါဟာ "စားပြီးပြီလား?" ဆိုတဲ့မေးခွန်းလောက် အရေးပါပါတယ်။

အလုပ်အကိုင် အဆင်မပြေတဲ့အခါ၊ အချစ်ရေး အဆင်မပြေတဲ့အခါ၊ အိမ်ထောင်ရေး မပြေလည်တဲ့အခါ ဒီမေးခွန်းကို ကျွန်တော်တို့မေးတတ်ကြတယ်။ ဘယ်သူကများ "ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?"

"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" ဆိုတဲ့စာအုပ်က ဘာတွေပြောထားသလဲ? ပုံပြင်က ကြွက်ငယ်လေးနှစ်ကောင်နဲ့ လူသေးလေးနှစ်ယောက် အကြောင်းရေးထားတဲ့ ရိုးရိုးရှင်းရှင်း ပုံပြင်လေးတစ်ပုဒ်ပဲဖြစ်တယ်။


ပုံပြင်အကျဉ်းက လူသေးနှစ်ယောက်နဲ့ ကြွက်ကလေးနှစ်ကောင်ဟာ ဒိန်ခဲတွေပြည့်လျှံနေတဲ့ ဝင်္ကပါတောင်ထဲမှာနေကြတယ်။ ဒိန်ခဲတွေက ဝင်္ကပါတောင်ရဲ့ တစ်နေရာမှာရှိတာကြောင့် ကြွက်ကလေးနှစ်ကောင်က အနံ့အာရုံသုံးပြီး ဒိန်ခဲကိုရှာခဲ့ကြတယ်။ လူသေးလေးနှစ်ယောက်က ဦးနှောက်သုံးပြီးရှာခဲ့ကြတယ်။ တစ်နေ့မှာ သူတို့ရဲ့ကြိုးပမ်းမှုကြောင့် တစ်သက်စားမကုန်နိုင်ဘူးလို့ ထင်ရတဲ့ ဒိန်ခဲတောင်ကြီးကို တွေ့ခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့ဟာ ဒိန်ခဲတောင်နဲ့ မနီးမဝေးနား ရွှေ့ပြောင်းလာခဲ့ကြပြီး နေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြတယ်။

ဒါပေမယ့် တစ်နေ့မှာ ဒိန်ခဲတောင်ကြီး ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ်။ ဒိန်ခဲတောင်ကြီးကို မတွေ့ရတော့ ကြွက်ကလေးနှစ်ကောင်က နောက်ဒိန်ခဲတောင်တစ်တောင်ကို ရှာဖို့ ချက်ခြင်းဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် လူသေးလေးနှစ်ယောက်ကတော့ "ဒိန်ခဲ" ပျောက်သွားတာနဲ့ ပတ်သက်ပြီး တော်တော်တုန်လှုပ်ခဲ့ကြတယ်။

"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" လို့ သူတို့ကိုယ်သူတို့ မပြတ်မေးကြတယ်။ ဆွေးနွေးကြတယ်။ တကယ်တော့ အဲဒီဒိန်ခဲတွေကို သူတို့မပိုင်ဘူး။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အဲဒီဒိန်ခဲက သူတို့ဒိန်ခဲပါလို့ ထင်မှတ်ထားလိုက်တယ်။ ဒါကြောင့် "ဘယ်သူကမှ ငါ့ဒိန်ခဲကို နေရာရွှေ့လို့မရဘူး" ဆိုပြီး မျက်စိရှေ့ကဖြစ်လာတဲ့ကိစ္စကို သူတို့လက်မခံနိုင်ဖြစ်ခဲ့ကြတယ်။ နေ့ရက်တွေကို စိတ်ရှုပ်ဝမ်းနည်းစွာနဲ့ သူတို့ဖြတ်ကျော်ခဲ့ရတယ်။ လူသေးလေးတစ်ယောက်က ဒိန်ခဲပျောက်သွားပြီဆိုတဲ့ အမှန်တရားကိုလက်ခံပြီး နောက်ဒိန်ခဲတောင်တစ်တောင်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို နောက်လူသေးလေးတစ်ယောက်က သဘောမတူခဲ့ဘဲ နေရာမှာတင် ထိုင်စောင့်နေခဲ့တယ်။ "ဒိန်ခဲရွှေ့သွားတဲ့လူ" ပေါ်လာပြီး သူ့ကို ဒိန်ခဲတွေ "ပြန်ပေးဖို့" မျှော်လင့်နေခဲ့တယ်။

ဒိန်ခဲထွက်ရှာတဲ့ လူသေးလေးက လမ်းတစ်ဝက်ရောက်တာနဲ့ "နောက် ဒိန်ခဲတောင်တစ်တောင်ကို တွေ့ပါ့မလား?"ဆိုတဲ့ မရေရာစိတ်တွေ ဖြစ်နေခဲ့တယ်။ ဒိန်ခဲရှာမတွေ့သေးပေမယ့် ကြောက်ရွံ့တုန်လှုပ်ခြင်းကနေ လွတ်မြောက်ခဲ့တဲ့ လူတစ်ယောက်မှာ နှိုင်းမပြနိုင်တဲ့ ပျော်ရွှင်ခြင်းနဲ့ စိတ်သက်သာမှုတွေ ရနိုင်ကြောင်းကို သူသိသွားခဲ့တယ်။ ဒါကြောင့် ဆုံးရှုံးသွားခဲ့တဲ့ ဒိန်ခဲတွေအတွက် သူနာကျင်ဝမ်းနည်း မနေခဲ့တော့ဘူး။ နောက်ဆုံးမှာ ဒိန်ခဲတောင်တစ်တောင်ကို သူတွေ့သွားခဲ့တယ်။ အဲဒီဒိန်ခဲတောင်မှာပဲ ကြွက်ကလေးနှစ်ကောင်နဲ့ သူပြန်ဆုံခဲ့တယ်။

အသိဥာဏ်ရှိတဲ့ ကြွက်ကလေးနှစ်ကောင်က အရင်ဒိန်ခဲတောင်ကြီး တဖြေးဖြေးလျော့နည်းလာတာကို သူတို့သိခဲ့တယ်။ ဒါကြောင့် ဒိန်ခဲတောင်ကြီး ပျောက်သွားတဲ့အချိန် နောက်ဒိန်ခဲကိုရှာဖို့ သူတို့တွေဝေတွန့်ဆုတ် မနေခဲ့ဘူး။

ဒိန်ခဲတွေ့ခဲ့တဲ့ လူသေးလေးဟာ ဒိန်ခဲအသစ်တွေယူပြီး အရင်ဒိန်ခဲတောင်မှာ ဒိန်ခဲတွေ ပြန်ပေါ်လာနိုးနဲ့စောင့်နေတဲ့ သူ့သူငယ်ချင်း လူသေးလေးကို သွားရှာခဲ့တယ်။ ဒါပေမယ့် အဲဒီလူသေးလေးက ဒိန်ခဲဟောင်းကိုပဲ တမ်းတနေပြီး ဒိန်ခဲသစ်ကိုစားဖို့ ငြင်းဆန်ခဲ့တယ်။ "ငါ့ဒိန်ခဲကို ယူသွားတဲ့လူတွေ" တစ်နေ့မှာ ငါ့ကို "ပြန်ပေးလိမ့်မယ်"လို့ သူမျှော်လင့်နေဆဲဖြစ်တယ်။

ဒီပုံပြင်လေးက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကို လှုံ့ဆော်နှိုးဆွပေးခဲ့ပါတယ်။ စာအုပ်ထဲမှာပါ "ဒိန်ခဲဆောင်ပုဒ်" တွေ အများကြီးပါခဲ့ပါတယ်။

"ဒိန်ခဲ" ကို "အလုပ်အကိုင်", "အိမ်ထောင်ရေး" , "ပစ္စည်းဥစ္စာ" ဒါမှမဟုတ် "အခွင့်အရေး" အနေနဲ့ ကျွန်တော်တို့ တစ်သက်သာ အသုံးပြုနိုင်ပါတယ်။

ဘယ်အရာက ကျွန်တော်တို့ရဲ့ "ဒိန်ခဲ" ဖြစ်မလဲ? ဥပမာ--

လူတစ်ယောက်ကို ကြိုက်နှစ်သက်ပြီး ထုတ်ဖော်ပြောရဲတဲ့ သတ္တိမရှိခဲ့ဘူး။

အထက်လူကြီးဆီက နေရာကောင်းလေးတစ်ခုတောင်းယူဖို့ တွေဝေတုန့်နှေးပြီး ကြောင့်ကြစိုးရိမ်စိတ်တွေ များခဲ့တယ်။

ကိုယ်မနှစ်သက်တဲ့လူကို နောက်ထပ်မနှောင့်ယှက်ပါနဲ့လို့ ပြတ်ပြတ်သားသား ထုတ်ဖော်မပြောရဲခဲ့ဘူး။

ဆိုင်ဝန်ထမ်း အတင်းအဓမ္မတိုက်တွန်း ဝယ်ခိုင်းတဲ့အင်္ကျီကို မဝယ်ချင်ဘူး။ ဒါပေမယ့် အထင်သေးမုန်းတီးတဲ့ အကြည့်နဲ့ ကိုယ့်ကိုသူကြည့်မှာ စိုးခဲ့တယ်။

ဒါတွေဟာ လူတွေဆီက မကောင်းတဲ့တုန့်ပြန်မှုတွေ ရမှာကိုကျွန်တော်တို့ စိုးရိမ်ခဲ့လို့ဖြစ်တယ်။ တကယ်တော့ လူတွေရဲ့တုန့်ပြန်မှုဆိုတာ ကိုယ့်အထင်တွေပဲဖြစ်တယ်။ အဲဒီအထင်တွေနဲ့ ကျွန်တော်တို့က ကိုယ့်စိတ်ကိုယ် ချောက်ချားစေခဲ့တယ်။ မှန်ရှေ့မှာရပ်သလိုမျိုး မျက်နှာချင်းဆိုင်ပဲရပ်ရပ်၊ နောက်ကျောပေးပဲရပ်ရပ် မှန်ထဲမှာတွေ့ရမှာက လူတစ်ယောက်ရဲ့အရိပ်ပဲဖြစ်တယ်။

တစ်လောကလုံး ကိုယ့်အပေါ်မကောင်းဘူးလို့ သင်ထင်ခဲ့ရင် သင့်ကိုယ်ပေါ်က ဆူးခက်တွေကို လူတွေမြင်ကြလိမ့်မယ်။ အိန်ဂျယ်တစ်ပါး ကိုယ့်ပုခုံးပေါ် နားနေတယ်လို့ သင်ထင်ခဲ့ရင် သင့်ရဲ့လင်းလက်တဲ့စိတ်ကို လူတွေမြင်ကြလိမ့်မယ်။

စိတ်ပျက်အားငယ်ပြီး ခွန်အားတွေကျရှုံးနေတယ်လို့ သင်ထင်ခဲ့ရင် သင့်ကို ယုံကြည်ဖို့မထိုက်တန်သူလို့ လူတွေမြင်ကြလိမ့်မယ်။ စိတ်လက်သက်သာပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ ပြည့်နေတယ်လို့ သင်ထင်ခဲ့ရင် သင့်ကို ယုံကြည်စိတ်ချသူလို့ လူတွေမြင်ကြလိမ့်မယ်။

ကိုယ့်ကိုချစ်တဲ့လူမရှိဘူးလို့ သင်ထင်ခဲ့ရင် သင့်ကို သနားစရာ၊ ဆွဲဆောင်မှုမရှိသူလို့ လူတွေမြင်ကြလိမ့်မယ်။ အရာရာကို မျှော်လင့်ချက်အပြည့် သင်ထားနိုင်ခဲ့ရင် သင့်ရဲ့ ကြည်လင်တဲ့စိတ်၊ နေရောင်ဖြာတဲ့ သင့်မနက်ဖြန်တိုင်းကို လူတွေမြင်ကြလိမ့်မယ်။

ဖြစ်လာတဲ့ ပြဿနာအခက်အခဲတွေကို ရင်ဆိုင်မလား? မျက်ကွယ်ပြုမလား? နောက်ဆုံးတော့လည်း ကိုယ်သာ ကိုယ်ပဲဖြစ်ခဲ့ပါတယ်။
 


                                                                                                  မြန်မာပြန်ဆိုသူ- တင်မောင်မြင့်


4 comments:

မေသိမ့်သိမ့် ကျော် said...

အပြောင်းအလဲတစ်ခုခုကို ရင်ဆိုင်ဖြေရှင်းတာဟာ ဖြေရှင်းပေးမယ့်တစ်စုံတစ်ရာကို ထိုင်စောင့်နေတာထက် ပိုအကျိုးရှိတာ အမှန်ပါပဲ။ ဒီစာအုပ်ကလေး ဖတ်ပြီးတာတော့ကြာပြီ။ ဒါပေမယ့် ဘယ်တော့မဆို ကျင့်သုံးသင့်တဲ့ အတုယူသင့်တာတွေ အများကြီးပါနေလို့ အလွန်နှစ်သက်မိပါတယ်။ နောက်တစ်ခုက ဒီစာအုပ်လိုပဲ တူတော့မတူပေမယ့်... ယောနသံဇင်ယော် ဆိုတဲ့ စာအုပ်လေးလည်း ကြိုက်နှစ်သက်မိတယ်။

ခင်တဲ့
မေသိမ့်

မအိမ်သူ said...

Yeah! I like that one very much... :)

SHWE ZIN U said...

ဖတ်သွားပြီ

jasmine(တောင်ကြီး) said...

ဖတ်ဖူးတယ်ကြာပြီ...မေ့နေတာ..ဒိန်ခဲဆိုလို့ပြန်စဉ်းစားတာမရတော့
ပြန်ဖတ်လိုက်တာပေါ့.....
မျှဝေပေးလို့ကျေးဇူးပါနော်....
တဂ်ထားတယ်
ခင်မင်တဲ့

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။