Wednesday 10 August 2011

World Wide Web (WWW) သြဂုတ်လ ၆ ရက်နေ့တွင် အနှစ် ၂၀ ပြည့်မြောက်

 


ယနေ့ခေတ် လူသန်းပေါင်းများစွာ၏ နေ့စဉ်ဘ၀တွင် ဒွန်တွဲနေသော အစိတ်အပိုင်းတစ်ခု ဖြစ်သည့် အင်တာနက်လိပ်စာ World Wide Web (WWW) သည် သြဂုတ် ၆ တွင် အနှစ် ၂၀ ပြည့်မြောက်ခဲ့သည်။
သိပ္ပံပညာရှင်များအကြား ၎င်းတို့၏ ဓာတ်ခွဲခန်းများ အတွင်း အချက်အလက်များ မျှဝေသုံးစွဲနိုင်ရေး အတွက် link များပါဝင်သည့် စာမျက်နှာတစ်ခုကို ဖန်တီးရာမှ (WWW) အစပျိုးခဲ့ခြင်း ဖြစ်သည်။၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့တွင် ဆာတင်မ်ဘာနာစ်လီက ပထမဆုံး (WWW) စာမျက်နှာကို အင်တာနက်ပေါ် လွှင့်တင်ခဲ့သည်။
လန်ဒန်ဖွား ရူပဗေဒနှင့် ကွန်ပျူတာသိပ္ပံပညာရှင် တင်မ်ဘာနာစ်လီသည် ဂျီနီဗာမြို့ရှိ ဥရောပသမဂ္ဂ၏ နျူကလီးယား သုတေသန အဖွဲ့အစည်း CERN တွင် အလုပ်လုပ်နေစဉ် လုပ်ဖော်ကိုင်ဖက်များအကြား အချက်အလက်များ မျှဝေနိုင်ရေးအတွက် အကောင်းဆုံး နည်းလမ်းများကို ရှာဖွေရာမှ (WWW) လိပ်စာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ပထမဆုံး (WWW) လိပ်စာကို လွှင့်တင်ခဲ့ပြီးနောက် အခြားနေရာများသို့လည်း ပျံ့နှံ့ရောက်ရှိနိုင်ရေးနှင့် အခြား အချက်အလက်များ မျှဝေနိုင်မည့် gateway server များ ထားရှိရေး အတွက် ဘာနာစ်လီနှင့် လုပ်ဖော်ကိုင်ဖက်များက စိတ်ဝင်စားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ Web Server ၅၀ ၀န်းကျင်အထိ ရှိလာခဲ့ပြီး သြဂုတ် ၆ တွင် ၀က်ဘ်ဆိုက် စာမျက်နှာ ၁၉ ဒသမ ၆၈ ဘီလျံ အထိ ရှိလာခဲ့သည်ဟု www.worldwidewebsize.com မှ ဖော်ပြချက်အရ သိရသည်။
ပထမဆုံး ဒိုမိန်း www.symbolics.com ကို ၁၉၈၅ ခုနှစ်၊ မတ် ၁၅ တွင် မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။ အင်တာနက်ပေါ် လှိုင်းစီးသည် surfing the internet ဆိုသော စာစုကို စာရေးဆရာ Jean Armour Polly က ၁၉၉၂ ခုနှစ်၊ ဇွန်တွင် စတင် သုံးစွဲခဲ့သည်။ အင်တာနက်တွင် ပထမဆုံး ရှာဖွေသော စာလုံးမှာ Archie ဖြစ်သည်။ Internet ဟူသော စကားလုံးကို ၁၉၇၄ ခုနှစ်တွင် စတင် သုံးစွဲခဲ့ပြီး သန်းချီသော ကွန်ပျူတာများကို ချိတ်ဆက် သုံးစွဲသော ကြီးမားသည့် ကွန်ရက်ကို ရည်ညွှန်းသည်။ (WWW) မှာမူ အင်တာနက်ပေါ်တွင် ၀က်ဘ်ဆိုက် စာမျက်နှာများမှ တစ်ဆင့် သတင်းအချက်အလက်များကို ရယူရာတွင် အသုံးပြုသော ပစ္စည်း ဖြစ်သည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=9708:world-wide-web-www------&catid=49:asia&Itemid=118        မှ ပြန်လည်ကူးယူဖော်ပြ
ထားခြင်း ဖြစ်ပါတယ်။




0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။