Monday 28 May 2012

အပြောင်းအလဲ ( မောင်စိန်ဝင်းပုတီးကုန်း)



နှစ်ဦးတူယှဉ် သည်အပင်အောက်
ပန်းကြွေကောက်စဉ် ရင်တထိတ်ထိတ်
သည်အရိပ်မှာ ချစ်စိတ်ဝေခဲ့ဖူးတယ်. . .။

သစ်မြစ်ဆုံခွ ယှဉ်ထိုင်ကြရင်း
မြစ်ချောင်းရေကြော ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်. . .။

ခင်ကပစ်တော့ . . .
သည်သစ်ပင်အောက် ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ် သည်အရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်. . .။

ခင် မကြင်တော့ . . .
ညင်ညင်ရေစီး တမ်းတညည်းဟန်
ခင့်ရယ်သံလား ၀ိုးဝါးထင်မိ
ကြည့်လေရာရာ ဝေဒနာနှင့်
ရေပြာအလှကင်းဖူးတယ်. . .။

သြော်. . . နှစ်တွေကြာလို့
တစ်ခါတစ်ခေါက် သည်ကိုရောက်လျှင်
တို့ငယ်စဉ်က နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း ဖမ်းစားညို့ ငင်
သည်သစ်ပင်ကား ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ. . .။

သည်ကပြန်လျှင် ရင်မခုန်တတ်
မလွမ်းတတ်တော့ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့ ပျက်ပြယ်ခဲ့ ရ
အနည်ကျပြီ
ဘ၀ဆိုတာ . . . ဒါပဲ ခင်.....။

မောင်စိန်ဝင်း (ပုတီးကုန်း)

 

10 comments:

Q-te said...

cbox က ဘာဖြစ်သလဲကွယ်
အမတော် မန့်တာ မန့် မရလားကွဲ့
အမတော် ပတ်မလေးတီးပီး တိတ်တိတ်လေး လာသွားတယ်ကွဲ့... :D :D
ကဗျာလေး မဆိုဖူး
အရမ်းတော့ မရင့်ကျက်စေနဲ့ အဆွေတော်အမောင်
သပြေပန်းနဲ့လက်ကမ်းကြိုမယ့် ခင်နှမ ပူဆွေးသောက ဗျာပါများလိမ့်မကွယ်
:D :D :D

ပစ်ပစ် said...

ကောင်းလိုက်တဲ့ ကဗျာလေး..
ကျေးဇူးပါမောင်နှစ်လုံးရေ

လွင်ပြင်လှိုင်းငယ် said...

ဆရာမောင်စိန်ဝင်း ပုတီးကုန်ကဗျာတိုင်းလိုလိုကြိုက်တယ်။ပြန်တင်ပေးလို့ မောင်မောင့်ကို ကျေးဇူးပါ

ချစ်စံအိမ် said...

သည်ကပြန်လျှင် ရင်မခုန်တတ်
မလွမ်းတတ်တော့ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့ ပျက်ပြယ်ခဲ့ ရ
အနည်ကျပြီ
ဘ၀ဆိုတာ . . . ဒါပဲ ခင်.....။အရမ်းကြိုက်တယ်..မျှဝေပေးလို့ကျေးဇူးတင်ပါတယ်။။

အိမ်မက်စေရာ said...

ကဗျာလေးလဲကောင်းတယ်
ဓါတ်ပုံလေးလှတယ်..း))

အိမ်မက်

နွေတေးရှင်(မင်းဧရာ) said...

အောက်ဆုံးပိုဒ်ကြမှ ရင်ကိုကိုင်လှုပ်သွားလေရဲ့ဗျာ...။

ကဗျာ ကောင်းများစွာကို ပြန်တင်ပေးနေတဲ့အတွက် ကျေးဇူးတင်နေလျှက်ပါဗျာ။

စံပယ်ချို said...

မောင်မောင်ရေ
ဆရာမောင်စိန်ဝင်းကိုအရမ်းကြိုက်ခဲ့တာငယ်ငယ်ကပေါ့ခုလဲခံစားလို့ကောင်းနေဆဲပါပဲ------

Snow May said...

ဒီကဗျာကိုငယ်ငယ်တုန်းကကြားဖူးတယ်.. ဆရာ့ရဲ့ကဗျာတွေအားလုံးကို ကြိုက်တယ်.. ရှာဖွေဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်

San San Htun said...

ှဆရာ့ကဗျာတွေကို အကုန် ကြိုက်တယ်..

မဒမ်ကိုး said...

ဒီကဗျာကိုတော်တော်ကြိုက်လို့ကူးသွားတယ်မောင်မောင်ရေ

ခင်မင်လျှက်

အမကြီးဒိုးကန်

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။