Monday 10 October 2011

ငယ်ငယ်တုန်းကသင်ခဲ.ရတဲ. လက်ဝဲသုန္ဒရအမတ်၏ မဲဇာတောင်ခြေ




မဲဇာသစ်တောဖွဲ့

၁။ မဲဇာတောင်ခြေ၊ စီးတွေတွေတည်း၊
မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊
ရွှေပြည်ကိုသာ၊ တ-ရှာတော့မိ၊ မိုးရှိရှိလျှင်၊
သီရိကျက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊
ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊
ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ စ၍ရေသော်၊
ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊
အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊
 ဖြောင့်တန်းတော့မည်၊ စိတ်က ရည်သည် …. ရွှေပြည်ဌာန ဝေးသောကြောင့်။ …. ။

၂။ သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊
တို့အောက်ခွင်ဝယ်၊ ရေယဉ်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်၊
တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊
ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီ့းဆိတ်ညံ၊ ဆည်းကျံကျံဝယ်။
ဓူဝံ မပေါ်၊ မမျှော်ပါရ၊ နေကိုတ-လည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊
တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊
နေ့တိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည် … ၊
လေပြည်လာက အေးသောကြောင့်။ …. ။

၃။ ပွဲခါညောင်ရေ၊ သွန်းမြဲပေတည်း၊ ရိုသေသဒ္ဓါ၊
ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊
ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တတောင်လုံးမှိုင်း၊
စ၍ဆိုင်းသော်၊ တောင်တိုင်းရှက်၍၊ ၀န်းကာ ဝှေ့လည်း၊ တောင်ငွေ့ဝေေ၀၊
အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုဃ်းမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊
မိုးဃ်းလောက်ပြင်းထန်၊ သွန်းချ ပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊
နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ် စေဟု၊ စေ့ရေလှည့်လည်၊
 တ, လျက်မြည်သည် … နေခြည်ဖြာမှ နွေးသောကြောင့်။ …. ။
***

(ရေးသူ - လက်ဝဲသုန္ဒရအမတ်)

2 comments:

စံပယ်ချို said...

ဟုတ်တယ်နော်...သင်ခဲ့ဖူးတယ်ဒါပေမယ့်
မေ့သွားပါပြီ...ခုပြန်ဖတ်ဖြစ်တယ်

နွေတေးရှင် (မင်းဧရာ) said...

ကောင်းလိုက်တဲ့ ကဗျာ..
မဖတ်ဖူးဘူး အခုမှဖတ်ဘူးတာ
များများလေး တင်ပေးပါ အစ်ကို။

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။