Thursday 1 September 2011

သင်မမြင်နိုင်ပေမယ့် သင့်ကိုအန္တရာယ်ပေးနေသည့် အရာများ




(၁) ဆိုဒီယမ် လော်ရိုင်းဆာလဖိတ် (Sodium Lauryl Sulfate)
ဘာဖြစ်စေသလဲ - ပါးစပ်အနာ

SLS ဟာ သွားတိုက်ဆေးအများစုမှာ သန့်ရှင်းရေးပစ္စည်းအနေနဲ့ ပါဝင်နေပါတယ်။ ဒါပေမယ့် ခံတွင်းထဲက ဘက်တီးရီးယား အလွှာကို ပြောင်းလဲသွားစေပြီး တစ်သျှူး တွေကို မသက်မသာဖြစ်စေကာ ပါးစပ်အနာ ကို ဖြစ်စေနိုင်ပါတယ်။

ပါးစပ်အနာမဖြစ်အောင် - SLS မပါတဲ့ သွားတိုက်ဆေးကို ပြောင်းသုံးပါ။ ဒါ့အပြင် ခံတွင်းမသက်မသာဖြစ်စေနိုင်တဲ့ နာနတ်သီးလိုမျိုး အက်စစ်ကဲတဲ့အသီးတွေကို လျှော့စားပေးပါ။

(၂) သကြားမပါသော ပီကေ
ဘာဖြစ်စေသလဲ - ဝမ်းပျက်ဝမ်းလျှောခြင်း

သကြားမပါတဲ့ပီကေဟာ Sorbitol နဲ့ Mannitol တို့နဲ့ ချိုအောင် လုပ်ထားတဲ့အတွက် ဒီပါဝင်ပစ္စည်းနှစ်မျိုးစလုံးကို ခန္ဓာကိုယ်ကနေ အလွယ်တကူ မစုပ်ယူနိုင်ပါဘူး။ ဒီနှစ်မျိုးစလုံးပါတဲ့ ပီကေကို အလွန်အကျွံစားတာက ရေကို အူထဲများများ ဆွဲယူနိုင် တာကြောင့် ဝမ်းပျော့ပျော့ သွားစေနိုင်ပါတယ်။

ဝမ်းမလျှောအောင် - သကြားမပါတဲ့ ပီကေစားတာက သကြားပါတဲ့ ပီကေစားတာထက် ခံတွင်းကျန်းမာရေးအတွက်တော့ ပိုကောင်းပါတယ်။ ဒါပေမယ့် အလွန်အကျွံစားရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတာကြောင့် လျှော့စားသင့်ပါတယ်။

(၃) ကော်ဖီအလွန်အကျွံသောက်ခြင်း
ဘာဖြစ်စေသလဲ - ဗိုက်အောင့်ခြင်း

ကဖင်းဓာတ်ဟာ အက်စစ်အထွက်များစေပြီး အစာအိမ်ကို မအီမသာဖြစ်စေကာ ဗိုက်အောင့်စေနိုင်ပါတယ်။

ဗိုက်မအောင့်အောင် - ကဖင်းဓာတ်မပါတဲ့ ကော်ဖီကို ပြောင်းသောက်ပါ။

(၄) ဒိန်ခဲနှင့် ဟော့ဒေါ့မုန့်
ဘာဖြစ်စေသလဲ - ခေါင်းကိုက်ခြင်း

ဒိန်ခဲမှာ တိုင်ယာမင်း (Tyramine) ဆိုတဲ့အမိုင်နိုအက်စစ်ပါဝင်နေပါတယ်။ ဟော့ဒေါ့မှာတော့ နိုက်ထရိုက် (Nitrites) ပါဝင်နေပါတယ်။ ဒီအစာနှစ်မျိုးစလုံးဟာ သွေးစီးဆင်းမှုကို ကမောက်ကမဖြစ်စေကာ ခေါင်းကိုက်စေပါတယ်။

ခေါင်းမကိုက်အောင် - တိုင်ယာမင်းပေါများစွာပါဝင်ပြီး ကျပ်တင်ထားတဲ့ အသား၊ အချဉ်ဖောက်ထားတဲ့ သနပ်၊ အမှည့်လွန်နေတဲ့ သစ်သီး၊ ဝိုင်နဲ့ ဘီယာတွေကို ရှောင်ပါ။ ဒါ့အပြင် ဟော့ဒေါ့မုန့်ကိုလည်း အလွန်အကျွံမစားပါနဲ့။

(၅) ကျပ်လွန်းသော ဖိနပ်စီးခြင်း
ဘာဖြစ်စေသလဲ - ခြေဖမိုးနဲ့ ခြေဖဝါးနာကျင်ခြင်း

ကြွက်သားတွေဟာ ကျုံ့ဆန့်လိုက်၊ ဖြေလျော့လိုက်လုပ်တဲ့ အစိတ်အပိုင်းပါ။ ခြေထောက်နဲ့ မတော်တဲ့ ဖိနပ်ကျပ်ကျပ်ကို အချိန်ကြာကြာ စီးထားတဲ့အခါ ခြေဖမိုးနဲ့ခြေဖဝါးနာကျင် ရတတ်ပါတယ်။

ခြေထောက်ပြဿနာကင်းဝေးအောင် - ဖိနပ်ကြောင့် ခြေထောက်တွေ နာကျင် နေတယ်လို့ ခံစားရရင် တင်းနစ်ဘောလုံးတစ်လုံးပေါ်မှာ ခြေနင်းပြီးလှိမ့်ပေးရင် သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။ ကြွက်သားတွေလည်း ပြေလျော့စေပါတယ်။ နေ့စဉ်လုပ်ပေးနိုင်ပါတယ်။

(၆) ရေပူချိုးခြင်း
ဘာဖြစ်စေသလဲ - အသားအရေခြောက်သွေ့ခြင်း

ရေပူချိုးတာနဲ့ ဆပ်ပြာတိုက်တာတွေဟာ အစိုဓာတ်ကို ထိန်းပေးထားတဲ့ အရေပြား ဆဲလ်တွေကို ကွာကျစေပါတယ်။ အရေပြားမှာရှိတဲ့ သဘာဝအဆီတွေကိုပါ ဆေးကြော လိုက်သလို ဖြစ်သွားတာကြောင့် အရေပြားတွေ ခြောက်သွေ့သွားတာပါ။

အသားအရေမခြောက်သွေ့အောင် - ရေပူနဲ့ချိုးတဲ့အခါ ခပ်မြန်မြန်ချိုးပါ။ ပြီးရင် အစိုဓာတ်ထိန်းပေးနိုင်တဲ့ ဆပ်ပြာအမျိုးအစားကိုသုံးပါ။ ရေချိုးပြီးတဲ့အခါမှာလည်း ခြောက်သွေ့အောင်သုတ်ပြီးခါစမှာပဲ အစိုဓာတ်ထိန်းလိမ်းဆေး (Moisturizing Ointment) ကိုလိမ်းပေးပါ။

(၇) ညစာစားပြီး ပူရှိန်းစားခြင်း
ဘာဖြစ်စေသလဲ - ရင်ပူခြင်း

ညစာကို အများကြီးစားပြီးချိန်မှာ ပူရှိန်းသကြားလုံး၊ ပီကေ စတာတွေကို စားလိုက်တာဟာ အစာအိမ်နဲ့ အစေရေမျိုပြွန်ကြားက ကြွက်သားစုကို ပွင့်စေကာ အက်စစ်ဆန်တက်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ရင်ပူရတာပါ။

ရင်ပူခြင်းကင်းဝေးအောင် - ညစာစားတဲ့အခါ အများကြီးမစားပါနဲ့။ ဖြေးဖြေးနဲ့ ကြေညက်အောင် ဝါးစားပါ။ ရင်ပူစေတဲ့ ဆီကြော်စာ၊ ချောကလက်၊ အဆီများအသား၊ အယ်လ်ကိုဟော၊ ကဖင်းပါတဲ့ သောက်စရာနဲ့ အက်စစ်ဓာတ်လွန်ကဲတဲ့ ခရမ်းချဉ်သီး၊ ချဉ်တဲ့သစ်သီး စတာတွေကို လျှော့စားပါ။

      
     source, fwd mail

3 comments:

စံပယ်ချို said...

ဒီထဲမှာ ရေပူချိုးရတာကြိုက်တယ်
ကော်ဖီခါးခါးကြိုက်တယ်
နေ့တိုင်းရေနွေးနဲ့ချိုးပြီး ကော်ဖီသောက်နေတော့ဒုက္ခပါပဲ

December Mgmg said...

မှတ်သားစရာပဲဗျာ ။ ကျေးဇူးတင်ပါတယ် ။

Thameesan said...

အချက်အားလုံးကိုလိုက်နာပါတယ်ရှင့်။
အဲ..တစ်ခုတော့ရှိတယ်.ကျပ်တဲ့ဖိနပ်ကိုတော့လောလောဆယ်စီးထားတယ်
(အရမ်းကြိုက်လို့..နောက်တော့တော်သွားမှာပါဆိုပြီးတော့လေ)
sls မပါတဲ့သွားတိုက်ဆေးထဲမှာ ကိုးလ်ဂိတ်ကောပါ..ပါသလားရှင်။
ခင်မင်စွာဖြင့်....

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။