Saturday 5 February 2011

အိမ်ထောင်ပြုချင်သောသူများ စဉ်းစားတွေးတောနိုင်ရန်အတွက်

ရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်နေတဲ့ မင်းပျိုမင်းလွင် တစ်ပါးဟာ တောင်ညာစံဒေ၀ီ တင်မြှောက်ဖို့
လိုအပ်လာတော့ မှူးမတ်ကြီးများကို သုံးလင်ကွာ ကညာစစ် သတို့သမီး ရှာဖွေရမည်လို့ အမိန့်ပေးပါတယ်။ မှူးမတ်ကြီးများဟာလည်း သုံးလင်လည်း ကွာရမယ်၊ ကညာလည်း စစ်ရမယ် ဆိုတဲ့ မင်းမိန့်အာဏာကို ဘယ်လိုမှ မဖြေရှင်းနိုင်ကြပါဘူး။ တစ်တိုင်းပြည်လုံးကို မောင်းကြေးနင်း လည်ခတ်ဖို့ မင်းချင်းတို့ကို စေပါတော့တယ်။

နေပြည်တော် အရပ်ရပ်မှာ သုံးလင်ကွာ ကညာစစ် သတို့သမီး ရှိပါက နန်းတွင်းသို့ ၀င်ရောက် ခစားနိုင်ကြသည်။ စစ်မှန်ကြောင်း တွေ့ရှိရပါက တောင်ညာစံ မိဖုရားအဖြစ် မြှောက်မည်ဖြစ်ပြီး လိမ်လည်သည် ဖြစ်ပါက အဆုံးစီရင်ခြင်း ခံရမည်လို့ မောင်းစေပါတယ်။
သည်အခါမှာ ဇနပုဒ်ကလေးတစ်ခုက ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံပြီး ဥာဏ်ပညာထက်မြတ်တဲ့ ကညာပျိုစင် တစ်ယောက်ဟာ မင်းချင်းတို့ကို သူဟာ သည်အချက်သုံးချက်နှင့် ပြည့်စုံတဲ့ အပျိုစင်ဖြစ်ကြောင်း၊ ဒါကြောင့် သဲဖြူခင်း ရာဇမတ်ကာပြီး မိဖုရားကြီးတို့ရဲ့ အစီးအနင်းအဆောင်အယောင်နှင့် နန်းတွင်းသို့ ဆောင်ယူပါချေလို့ တည်ကြည်စွာ ဆိုပါတယ်။

“မင်းချင်းတို့လည်း သူဆိုတဲ့အတိုင်း စီစဉ်ပြီး နန်းတွင်းသို့ ပို့ဆောင်ပေးရပါတယ်။ မင်းရှေ့မှောက် ရောက်တဲ့အခါ မင်းကြီးက သူရဲ့ ရူပနိကာယ်ကို မြင်ပြီးတာနှင့် ဥာဏ်ပညာနှင့် ပြည့်စုံသူ ဖြစ်လိမ့်မည်လို့ စဉ်းစားမိပါတယ်။
ဒါကြောင့် မင်းညီလာခံ ခေါ်ယူပြီး အားလုံးသော မှူးမတ်နှင့်တကွ နန်းပရိတ်သတ် ရှေ့မှောက်မှာ ဘာကြောင့် သည်အချက်နှင့် ပြည့်စုံကြောင်း ရှင်းလင်း တင်လျှောက်စေလို့ အမိန့်တော် မှတ်ပါတယ်။
သတို့သမီးလောင်း အပျိုစင်ဟာ တည်ငြိမ်စွာ လျှောက်ထားပါတယ်။

“အရှင်ဘုရား၊ ရိုသေစွာ လျှောက်ထားပါသည်”
“ဘုရား ကျွန်မသည် ငယ်ရွယ်စဉ်အခါ လွန်မြောက်ခါ အရွယ်ဝင်လာ၍ ကညာစင်ဖြစ်ပြီးနောက် ပထမဆုံးသော အိမ်ထောင်ကို စိတ်ကူးဖြင့် ပြုကြည့်မိပါသည်။ ကျွန်တော်မ၏ ယောင်္ကျားသည် အလုပ်အကိုင်ကို အတည်တကျလည်း မလုပ်၊ အိမ်မှုကိစ္စကိုလည်း ကူညီဆောင်ရွက်ပေးခြင်းမရှိ၊ အားကိုးလောက်သော ယောင်္ကျားတစ်ယောက် မဖြစ်ရုံမျှမက ရပ်ထဲရွာထဲတွင် တစ်နေကုန် ဟိုစပ်စပ် သည်စပ်စပ် အချိန်ဖြုန်းလျှက်သာ ရှိပါတော့သည်။ ကြုံရာကျဖမ်း နေကုန်နေခမ်း နေတတ်၍ ဘုရားကျွန်မသည် သည်းမခံနိုင်တော့ဘဲ ကွာရှင်းခဲ့ပါသည်။ ထိုယောင်္ကျားမှာ ယောက်ယား အမျိုးအစား ဖြစ်ပါသည် ဘုရား။

“မကြာမြင့်မီ ကျွန်တော်မသည် ဒုတိယအကြိမ် စိတ်ကူးဖြင့် အိမ်ထောင် ထပ်မံပြုကြည့်မိပါသည်။ ထို လင်ယောင်္ကျားသည် ဘုရားကျွန်မနှင့် အိမ်ထောင်ပြုပြီးသော်လည်း လူပျိုလူလွတ်သဖွယ် အပေါင်းအဖော်များနှင့် ဟိုသွားသည်လာ လမ်းသလားလျက် သောက်စားဖက်ကာ အပျော်ကူးလျက်သာ ရှိနေပါသည်။ တစ်ခါတစ်ရံ ကျွန်တော်မနှင့် အိမ်ရာကို ပစ်ပြီး ရက်အတန်ကြာသည်အထိ တစ်ရပ်တစ်ကျေးသို့ လည်ပတ်တတ်ပါသည်။ ထိုယောင်္ကျားမျိုးသည် ကျွန်တော်မအတွက် အဖော်ပြုလောက်သောသူ မဟုတ်သဖြင့် ကွာရှင်းခဲ့ရပြန်ပါသည်။ ထိုယောင်္ကျားမျိုးမှာ ယောက်သွား အမျိုးအစား ဖြစ်ပါသည်ဘုရား။

ကျွန်တော်မသည် တစ်ဦးတစ်ယောက်တည်းနေရန် မသင့်လျော်၍ အိမ်ထောင်ပြုခြင်းကို တတိယအကြိမ် စိတ်ကူးမိပြန်ပါသည်။ ထိုအခါတွင်မူ အေးဆေး ရိုးသားသူကို ရှာဖွေမိပါသည်။ ထိုယောင်္ကျားသည် အေးဆေးစွာ အိမ်မြဲသူ ဖြစ်ပါသည်။ သို့သော် အလုပ်အကိုင် ပျင်းရိသူဖြစ်ရုံမက ဘုရားကျွန်မအတွက် ၀န်ထုပ်ဖြစ်လာရပြန်ပါသည်။ အိမ်၌ တစ်နေကုန်နေ၍ အိပ်ခြင်း၊ စားခြင်းနှင့် ကာမဂုဏ် မှီဝဲခြင်းသာ ပြုတတ်ပါသည်။ ထိုယောင်္ကျားမှာ တပည့်တော်မအတွက် နောက်ဆုံးဖြစ်ပြီး ကွာရှင်းရပါသည်။ ထိုယောင်္ကျားမျိုးမှာ ယောက်နွား အမျိုးအစားဖြစ်ပါသည်။

“တင်လျှောက်ပါသည် ဘုရား…”
“ကျွန်တော်မျိုးမသည် ယောက်ယား၊ ယောက်သွား၊ ယောက်နွား လင်သုံးလင်ဖြင့် ပေါင်းကြည့် စိတ်ကူးမိခဲ့ပါသော်လည်း ယနေ့အထိ ကညာစင် အပျိုစစ်စစ်ဖြစ်ကြောင်း တင်ပါသည်။ ကျွန်တော်မသည် ယောင်္ကျားပီသသော၊ တည်ကြည်ဖြောင့်မတ် ပေါင်းအပ်သော မင်းဧကရာဇ်တို့နှင့်သာ ထိုက်သော မိဖုရားလောင်း သတိုးသမီးစစ်ဖြစ်ပါကြောင်း လျှောက်တင်ပါသည်ဘုရား… လို့ အေးဆေးရိုသေစွာ ရှင်းလင်းလျှောက်ထားတဲ့ သတို့သမီးကို မင်းကြီးဟာ ရုပ်ရူပါ ကောင်းမြတ်သလို ဥာဏ်ပညာ ဆင်ခြင်တုံ မြင့်မားတဲ့အတွက် မိဖုရားကြီး အဖြစ် တင်မြှောက်ခဲ့ပါတယ်။

ကဲပုံပြင်လေးကတော့ ပြီးသွားပြီဗျာ… ပုံပြင်ထဲကနေ ကျွန်တော်တို့ အားလုံးအတွက် အိမ်ထောင်မပြုမီ ဆင်ခြင်စဉ်းစားစရာများကို သိမှတ်ရပါတယ်။ အိမ်ထောင်ပြုပြီးမှ ဘယ်လိုမှ ပြင်လည် ပြင်ဆင်ကုစားလို့ မရပါ။ ကျွန်တော်တို့တွေဟာ မြန်မာလူမျိုးတွေ ဖြစ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှုနှင့်အညီ အနောက်နိုင်ငံတွေလို လက်ထပ်လိုက် ကွာရှင်းလိုက် မလုပ်သင့်ဘဲ တစ်အိုးတစ်အိမ် သေတစ်ပန် သက်တဆုံး ရိုးမြေကျ ပေါင်းသင်းပြီး တူနှစ်ကိုယ်လက်တွဲ၍ အမျိုးဘာသာ၊ သာသနာတွက် ဆောင်ရွက်ရင်း သာယာသော အိမ်ထောင်ကို ထူထောင်သင့်ပါတယ်။ အိမ်ထောင်တစ်ခုတွင် သစ္စာရှိမှု၊ နားလည်မှု နှင့် သည်းခံမှုတို့သည် အလွန်အရေး ကြီးပါသည်။ ငယ်စဉ်ကတည်းက သင်္ချာမှာလည်း သင်ခဲ့ရပါတယ်။ လက္ခဏာတူတာချင်း အပေါင်းနှင့် အပေါင်း ပေါင်းလျှင် အပေါင်းဆိုတဲ့ အဖြေ၊ အနုတ်နှင့် အနုတ်ပေါင်းလျှင် အနုတ်ဆိုတဲ့ အဖြေတွေ ထွက်ပေမယ့် မတူညီတဲ့ အပေါင်းနှင့် အနုတ်ကို ပေါင်းရင်တော့ များတဲ့ဘက်က သာသွားမှာ ဖြစ်ပါတယ်။ သာယာခြင်း ဆိုသော အပေါင်းနှင့် ပြိုကွဲခြင်းဆိုတဲ့ အနုတ် ဘယ်ရလဒ်ကို ယူကြမလဲ။ ထိုကြောင့် ငယ်ရွယ်စဉ်အခါ လူငယ်တို့ အနေဖြင့် အိမ်ထောင်တစ်ခုပြုရာဝယ် စိတ်အလိုကို မလိုက်ဘဲ အရာရာကို ချင့်ချိန် စဉ်းစားပြီးမှ ရွေးချယ်သင့်ပါတယ်။ ဒါမှသာ သာယာသော အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် ရှေးအကျဆုံး အစောဆုံး ယနေ့အထိ ခေတ်အမီဆုံးဖြစ်သော မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် သိင်္ဂါလောဝါဒ သုတ္တန်လာ အဆုံးအမများဖြစ်သော-

“မထီမဲ့ကင်း အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင် ငါးအင် လင့်ကျင့်ရာ”

“အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချီ၊ ပျင်းရိမမူ။ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ”

ဆိုတဲ့ မြတ်စွာဘုရားရှင်၏ အဆုံးအမကို အမျိုးသားရော၊ အမျိုးသမီးရော လူမျိုး၊ ဘာသာမရွေး၊ အိမ်ထောင်သက်မရွေး လိုက်နာ ကျင့်သုံးကြလျှင်ဖြင့် သာယာချမ်းမြေ့သော သီရီဂေဟာလေးကို တည်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။

အားလုံးသော ဓမ္မမိတ်ဆွေများလည်း သာယာသော မိသားစုဘ၀လေးကို ပိုင်ဆိုင်ပြီး အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို ဆောင်ရွက်နိုင်သော သူများဖြစ်ပါစေ။

အောက်ဖေါ်ပြပါ ဘလော.မှ ပြန်လည် မျှဝေခံစားလိုက်ပါတယ်။ တန်ဖိုးရှိသော ပို.စ်လေးဖြစ်ပါတယ်။ http://www.futurelife29.com/

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။